GSHOCK နာရီ ဓါတ်ခဲလဲမည်ဆိုပါက



G-shock နာရီဓာတ်ခဲလဲနည်း
====================
                   ကိုယ်တိုင်ဖြုတ်တပ်ခြင်း၊ ကလိခြင်း ကိုဝါသနာပါသူများအတွက် ဖြစ်ပါသည်။ ဗဟုသုတရလိုသူများလည်း ဆက်လက်ဖက်ရှုနိုင်ပါသည်။ အနည်းဆုံးတော့ နာရီတစ်လုံးကို ဘယ်လိုစနစ်တကျ ဖွင့်ပြီး ဘယ်လိုဓာတ်ခဲလဲ၊ ဘယ်လိုစနစ်တကျ ပြန်တပ်ရသလဲဆိုတာတွေ သိနိုင်ပါမယ်။
                     နာရီဓတ်ခဲ စနစ်တကျလဲမယ်ဆိုရင် အောက်ပါပစ္စည်းလေးများလိုပါမည်။
၁) နာရီနောက်အဖုံးဖွင့်ရန် အပေါင်း ဝက်အူလှည့်။  အနုတ်ဝက်အူလည့်ကို လုံး၀မသုံးပါနှင့်။ ဝက်အူခေါင်းပြုန်းနိုင်သည်။
၂) ဝက်အူလေးများထည့်ရန် ခွက်/ပန်းကန်
၃) ပင်အပ်အသေး (သို့) အင်္ကျီချုပ်အပ်အသေးတစ်ချောင်း
၄) Silicone grease container (Gasket ကို silicon သုပ်ရန်)
၅) ဇာဂနာ တစ်ချောင်း (Stainless steel)
၆) ကော် ဇာဂနာ တစ်ချောင်း
၇) အနုက်ဝက်အူလည့် အသေး (နာရီကြိုး ဖြုတ်ရန်)
၈) ဓာတ်ခဲသစ် ၁ လုံး
 
ပစ္စည်းတွေစုံပြီဆိုရင် အေက်ပါအစီအစဉ်အတိုင်းစနိုင်ပါပြီ 
             
၁) နာရီကြိုးဖြုတ်ခြင်း
------------------------------


ပထမဦးစွာ နာရီကြိုးဖြုတ်ရန် လုပ်ရမည်။
ကြိုးဖြုတ်ရာတွင် နာရီ အိမ်ကိုမပွန်းမပဲ့သေသပ်စာ ဖြုတ်ရန်လိုသည်။ အနုက်ဝက်အူလည့် အသေးလေးနှင့် spring bar ထောင့်တစ်နေရာကို ထောက်ဖိ၍ အတွင်းဖက်သို့တွန်းပြီး ကြိုးကိုအပေါ်သို့ မရမည်။
အနည်းငယ်လေ့ကျင့်ရန်လိုသည်။ မိမိ၌ နာရီအဟောင်း/အပျက်တစ်လုံးရှိက လေ့ကျင့်နိုင်သည်။
တစ်ချို့က spring bar ဖြုတ်သော အတံလေးနှင့်ဖြုတ်ကြသည်။ ထိုအတံလေးက ချွန်ချွန်လေးနှင့် ဂွလေးပါသောကြောင့် သေချာမကိုင်တတ်လျှင် နာရီအိမ်/ကြိုးတို့ကို ပွန်းပဲ့စေနိုင်သည်။ ယနေ့ခေတ် model အချို့တွင်လွယ်ကူစွာဖြုတ်နိုင်သော Quick release spring bar ကိုတပ်ပေးထားပါသည်။
spring ဘားမပါသော model များတွင်တော့ screw ကိုဖြုတ်၍ ကြိုးကိုထုတ်ရသည်။

၂) အဖုံးခွာခြင်း
----------------------

၀က်အူများကို ဘက်ညီစွာ ဖြည်းဖြည်းခြင်း စဖြုတ်ပါ။ ဘယ်ဝက်အူ ဘယ်အပေါက်က ထွက်လာသည်ကိုမှတ်သားထားပါ။ ဝက်အူများပြုတ်သွားပြီး အဖုံးကို ၀က်အူလှည့်အပြားလေးနှင့် ကလော်ထုတ်ပါ။ ၀က်အူလှည့်ကို အဖုံး၌တေ့၍ တူ သို့မဟုတ် ပလာယာ စသည်တို့နှင့်မထုမရိုက် ပါနှင့်။ အခန့်မသင့်လျှင် အတွင်းရှိ gasket ပဲ့ခြင်း၊ Gasket မြောင်းပဲ့ခြင်းပျက်ခြင်းဖြစ်နိုင်သည်။

၃) shock absorber ရာဘာပြားဖြုတ်ခြင်း
------------------------------------------------------------
အဖုံးပွင့်သွားပြီး အတွင်းရှိ shock absorber ရာဘာပြား လေးကို ဇာဂနာဖြင့် အသာလေးဖယ်လိုက်ပါ။ ဤရာဘာပြားလေးသည် နာရီစက်ပေါ်၌ အသာလေးတင်ထားခြင်းဖြစ်သည်။ ပြန်တပ်သောအခါမမှားယွင်းစေရန် မဖြုတ်ခင် ဓာတ်ပုံရိုက်ထားပံါ။

၄) ဓာတ်ခဲအဟောင်းထုတ်ခြင်း
-----------------------------------------

ပင်အပ်အသေး (သို့) အင်္ကျီချုပ်အပ်အသေး ကိုသုံး၍
တတ်ခဲကို ဖမ်းထားသော clip လေးကိုကလန့်ထုတ်ပါ။ ပြီးလျှင် ကော်ဇာဂနာကိုသုံး၍ ဓာတ်ခဲကို မိမိဘက်သို့ ဆွဲထုတ်ပါ။

၅) သန့်ရှင်းရေးလုပ်ခြင်း
---------------------------------

ဓာတ်ခဲ့ထုတ်ပြီး ဓာတ်ခဲထွက်လာသောနေရာ အတွင်းကိုစစ်ဆေးပါ။ အတွင်း၌ စိုထိုင်းထိုင်းဖြစ်နေလျှင် နားကြပ်တံကို အရက်ပျံ အနည်းငယ်စွတ်၍ သန့်ရှင်းရေးလုပ်ပေးပါ။ ပြီးလျှင်အခြောက်ခံပေးပါ။

၆) ဓာတ်ခဲအသစ်ထည့်ခြင်း
-------------------------------------


ဓာတ်ခဲသစ်ကို ဖောက်၍လက်နှင့်မကိုင်မိစေရန်သတိပြုပါ။ လက်မှ ချွေး၊ရေ၊ဆီ တို့  ဓာတ်ခဲ၌ပေကျံ၍ အတွင်း၌ သံချေးလိုက်နိုင်သည်။
 ကော်ဇာဂနာကိုသုံး၍ ဓာတ်ခဲကို ကိုင်တွယ်ပါ။
အပေါင်းကို အပေါ်မှာထား၍ ဓာတ်ခဲကို နေရာတကျ
ထည့်ပါ။ ပြီးလျှင် တတ်ခဲကို ဖမ်းထားသော clip လေးကို ကော်ဇာဂနာနှင့် အသာပြန်ဖိထည့်ပါ။

၇) AC လုပ်ခြင်း
------------------------

ဓာတ်ခဲ နေရာတကျပြန်ထည့်ပြီးတာနဲ့ နာရီ ၏ module ကို reset (AC)လုပ်ရန်လိုအပ်သည်။ AC ကို တစ်ချို့က All Clear ဟုပြောကြသည်။  နာရီစက်မျက်နှာပြင်ပေါ် ၌ "AC" ဆိုသောစာလုံးကိုရှာပါ။ ထို "AC" ၏အနီးနားတဝိုက် အောက်ထဲတွင် ကြေးဝါဝိုင်းလေးရှိသည်။ ၎င်းကြေးဝါဝိုင်းလေး နှင့် ဓာတ်ခဲမျက်နာပြင် (+) တို့ကို stainless steel ဇာဂနာ သို့မဟုတ် paper clip တစ်ခုဖြင့် ၂ စက္ကန့်လောက်ထိထားလိုက်ပါ။ ပြီးနာရီ အလုပ်လုပ်မလုပ် စစ်ပါ။ Mode ခလုပ်ကို တစ်ချက်ခြင်းနှိပ်ကြည့်ပါ။ ညကြည့်မီးကိုစစ်ပါ။ ဤသို့ စစ်ဆေးရာ၌ အဖုံးဖွင့်၍ပြုလုပ်နေခြင်းဖြစ်၍ နာရီစက်အပြင်သို့ထွက်မကျစေရန် သတိပြုပါ။ Alarm spring ကိုလဲသတိထားပါ။ ဟိုလှူပ်ဒီလှူပ်နှင့် ထွက်ကျတတ်သည်။Data memory ပါသော နာရီတွေဆိုလျှင် ထို memory တွေကိုပါ clear လုပ်လိမ့်မည်။ AC မလုပ်ပါက နာရီလုံး၀အလုပ်မလုပ်ခြင်း သို့မဟုတ် တစ်စိတ်တပိုင်းသာအလုပ်လုပ်ခြင်းတို့ဖြစ်တတ်သည်။

၈) Gasket နှင့် Gasket မြောင်းများကို သန့်ရှင်းရေးလုပ်ခြင်း နှင့် Silicone သုပ်ခြင်း
-------------------------------------------------------------------
--

အဖုံးဖွင့်သောအချိန်တွင် gasket သည် သူ့မြောင်းလေးအတွင်း၌ သပ်သပ်ရပ်ရပ်လေး ပုံမပျက်ကျန်နေခဲ့လျှင် gasket နှင့် သူ့မြောင်းတွေကို သွားမထိပါနှင့်။ အကယ်၍ gasket အဖုံး၌ကပ်ပါလာလျှင်၊ နေရာမကျလျှင်၊ မြောင်းတစ်ရှောက်၌ ဖုန်သဲအညစ်အကြေးများ ရှိလျှင် သန့်ရှင်းရေးလုပ်ပေးရန်လိုသည်။ ဤ gasket သည်သာလျှင် နာရီရေလုံအောင် အဓိက စွမ်းဆောင်ပေးသောကြောင့် အထူးဂရုပြု၍ ကိုင်တွယ်သင့်သည်။ စားပွဲခုံမျက်နှာခြင်ပေါ်တင်ခြင်း၊ နေရောင်အောက်ထားခြင်း၊ tissue ပေါ်တင်ခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ ပလပ်စတစ်ပြားသန့်သန့်၊ ပန်းကန်ပြားသန့်သန့်ပေါ်တွင်တင်သင့်သည်။ သင့်၌ silicone box ရှိလျှင် သန့်ရှင်းရေးလုပ်ပြီး box ထဲသို့သည့်၍ gasket ကို silicone ဆီသုပ်လိမ်းပါ။ silicone ဆီသုပ်လိမ်းခြင်းသည် gasket ၏ သက်တမ်းကိုပိုမိုကြာရှည်စေသည့်အပြင် နာရီရေလုံခြင်းကိုလည်း အထောက်အကူပြုမည်ဖြစ်သည်။ Gasket ကို မြောင်းထဲ၌ သေချာစွာထိုင်နေရန် ကြိုးစား၍ ပြန်ထည့်ပါ။

၉) shock absorber ရာဘာပြားပြန်တတ်ခြင်း
---------------------------------------------------------------
Gasket နေရာတကျဖြစ်ပြီဆိုလျှင် shock absorber ရာဘာပြားကို နေရာပြန်ချပါ။ Alarm spring လေးကိုသတိထားပါ။ ထွက်ကျတတ်သည်။

၁ဝ) အဖုံးပြန်တတ်ခြင်း
---------------------------------
အားလုံးပြီးပြီ စိတ်ကြေနပ်ပြီဆိုလျှင် နာရီ အဖုံးကို နေရာမှန်ကန်စွာအုပ်၍ အသာလေးလက်နှင့်ဖိပြီးပိတ်လိုက်ပါ။ အဖုံးကိုလက်နှင့်တောက်လျှောက်ဖိထားပါ။ ပြီးလျှင် ဝက်အူများစ ရစ် ပါတော့။
ဝက်အူများ ပြန်တပ်သည့်နေရာ၌အရေးကြီးသည်။
အတပ်မတော်လျင် gasket နေရာတကျ ရှိနေသော်လည်းရေဝင်နိင်သည်။ ဝက်အူများကို အောက်ပါအတိုင်းတပ်သင့်သည်။
လက်တစ်ဖက်က အဖိုးကိုဖိထားပြီး
က) J နာရီက ဝက်အူကိုတစ်ဝက်ဝင်အောင် ရစ်သွင်း
ခ) ၇ နာရီက ဝက်အူကိုတစ်ဝက်ဝင်အောင် ရစ်သွင်း
ဂ) ၁၀ နာရီကဝက်အူကိုတစ်ဝက်ဝင်အောင် ရစ်သွင်း
ဃ) ၅ နာရီကဝက်အူကိုတစ်ဝက်ဝင်အောင် ရစ်သွင်း
၎င်းနောက်အထက်ပါအစဉ်အတိုင်း ဝက်အူများကို အဆုံးရစ်သွင်းပါ။ အရမ်းမကြပ်လိုက်ပါနဲ့။ ပြီးလျှင် ဖိထားသောလက်ကိုဖယ်၍ ဝက်အူများကို ၁၀, J, ၅, ၇ စသောအစဉ်အတိုင်း ဖြည်းဖြည်းကြပ်သွားပါ။ ဝက်အူများတင်းသွားလျှင် ရပ်လိုက်ပါ။ နာရီ၏ function များကို ပြန်စစ်ပါ။

၁၁) နာရီကြိုးပြန်တပ်ခြင်း
------------------------------------


ထုတ်တုန်းက ထောင့် တစ်နေရာကထုတ်သလို ပြန်တပ်တော့လည်း ထောင့်တစ်နေရာမှစပြန်တပ်ရမည်။
spring bar ကို ကြိုးပေါက်ထဲထည့်ထားပြီး နာရီအိမ်ထောင့် တစ်နေရာကအပေါက်လေးထဲ ကြိုးနှင့် spring bar တွဲရက် ကို အရင်ထည့်ပါ။ ၄င်းနောက် ဝက်အူလှည့်ပြားကလေးနှင့် spring bar ၏နောက်တစ်ဖက်ကိုတွန်း၍ ကြိုးကို နာရီအိမ်ဂွင်ထဲသို့ထိုးထည့်လိုက်ပါ။ spring bar များသူ့အပေါက်ထဲ၀င်မဝင် ပြန်စစ်ပါ။ လိုအပ်လျှင် ဝက်အူလှည့်ပြားကလေးနှင့် adjust လုပ်ပေးပါ။  ဤနေရာ၌ မသေသပ်လျှင် နာရီအိမ် (Spring bar တပ်သောနေရာ၌) ပွန်းပဲ့ပျက်စီးနိုင်သည်။ ကျေနပ်ပြီဆိုလျှင် နာရီအိမ်ကိုကိုင်၍ ကြိုးကိုအနည်းငယ်ဆွဲကြည့်ပါ။
                        အထက်ပါ အစီအစဉ်တွေကများတယ်လို့ထင်ရပေမယ့် တစ်ကယ်လုပ်ကြည့်လျှင် အချိန် သိပ်မကုန်ပါ။ မှန်််ကန်သော Tools များနှင့်အလေ့အကျင့်နဲနဲဲတော့လိုမည်။

GSHOCK အချိန်တိုက်နည်းများ ဝင်ကြည့်ရန်

Credit :Kevin Kyaw

Comments

Popular posts from this blog

Edific ECB-500 အချိန်တိုက်နည်း

GA-110 နာရီအချိန်တိုက်နည်း